အပိုင်း(၂)မှာတော့ တည်ကန်ဘော အမျိုးအစားနဲ့ သူတို့ရဲ့
ရှင်းလင်းချက်ကို တင်ဆက်သွားပ့ါမယ်။ ဂိုးအောက်သွားရင် ဂိုးလွန်ဘော။
ဂိုးလွန်ဘောဆို ဂိုးလွန်ဘောတည်ကန်ရမယ်လေ။ ဘာတွေများ ရှင်းနေမှာလဲပေါ့။
လွယ်လွယ်လေးပါ။ ဒါကတော့ အပေါ်ယံ သဘောတရားပါ။ တကယ်တမ်း ကျတော့ ကန့်သတ်ချက်၊
စည်းမျည်းတွေ သေးသေး မွှားမွှားလေးတွေနဲ့ တော်တော်လေးကို ရှုပ်ထွေးပါတယ်။
အပိုင်း(၁)မှာတော့ ဘောလုံး ကစားတော့မယ်ဆိုရင် အရေးကြီးဆုံး လိုအပ်တဲ့
အခြေခံ ဥပဒေ(၁၇)ချက်ကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ခု ပထမအဆင့် တည်ကန်ဘော
အမျိုးအစားတွေကလည်း တကယ့်ကို အရေးကြီး ကဏ္ဍတစ်ခုပါပဲ။ ကစားမယ့်သူကော၊
ကြည့်မယ့်သူကော နားလည် သဘောပေါက်ထားသင့်တဲ့ အချက်အလက်တွေပါ။
တည်ကန်ဘော ကိုအသုံးပြုခြင်း
တည်ကန်ဘောသည် ကြိုတင်ပြဌာန်းပြီး ဖြစ်သည့် သတ်မှတ်ချက်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ကွင်းလယ်ဒိုင်က ပွဲကစားခြင်းအား ခေတ္တရပ်ဆိုင်းရာမှ ပြန်လည်စတင်ခြင်း ဖြစ်သည်။ ဘောလုံးကစားနေစဉ် အခြေအနေ (၃)မျိုးကြောင့် ပွဲကစားခြင်းအား ခေတ္တရပ်ဆိုင်းနိုင်သည်။ ၎င်းတို့မှာ - (၁) ပြစ်ဒဏ်ဘော (၀ါ) လူကျွံဘော (၂) Out ဘော (၃) ဒဏ်ရာရ ကစားသမား ကွင်းထဲလဲနေခြင်း (၀ါ) ကစားသမား အချင်းချင်း ပြဿနာတက်ခြင်း (၀ါ) ဘောလုံးပေါက်ခြင်း စသည် တို့ဖြစ်သည်။

တည်ကန်ဘော အမျိုးအစား
မတူညီသော တည်ကန်ဘော အမျိုးအစား (၆)မျိုးရှိပါသည်။ ဂိုးလွန်ဘော၊ ပြစ်ဒဏ်ဘော၊ ထောင့်ကန်ဘော၊ လက်ပစ်ဘော၊ ပင်နယ်တီ၊ ဒိုင်ဘော တို့ဖြစ်ပါသည်။ ပြစ်ဒဏ်ဘော တည်ကန်ရာတွင် (၂)နှစ်မျိုးနှစ်စား ရှိပါသည်။ တိုက်ရိုက် တည်ကန်ဘောနှင့် နှစ်ဆင့်တည်ကန်ဘော တို့ဖြစ်ပါသည်။ တိုက်ရိုက်နှင့် နှစ်ဆင့်တည်ကန်ဘော အခြေအနေ နှစ်ရပ်လုံးတွင် ပြစ်ဒဏ်ဘော အပေးခံရသည့် အသင်းဘက်မှ ကစားသမားများသည် ပြစ်ဒဏ်ဘောကန်ရန် တည်ထားသော ဘောလုံးနှင့် (၉.၁၅) မီတာ၊ (၁၀) ကိုက်အကွာတွင် တွင်ရှိနေပေးရမည် ဖြစ်သည်။
ဂိုးလွန်ဘော
တိုက်စစ်ဆင်လာသော အသင်းဘက်မှ ကစားသမား ကန်လိုက်သော ဘောလုံးသည် ဂိုးဝင်သွားခြင်း မရှိသလို၊ ခံစစ် အသင်းဘက်မှ ကစားသမား များကိုလည်းမထိပဲ ဂိုးစည်းကျော်သွားပါက ဂိုးလွန်ဘောအဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။
ပြစ်ဒဏ်ဘော
ပြစ်ဒဏ်ဘောတွင် တည်ကန်ဘော အမျိုးအစား နှစ်မျိုးရှိသည်။ တိုက်ရိုက်တည်ကန်ဘောနှင့် နှစ်ဆင့်တည်ကန်ဘော တို့ဖြစ်ကြသည်။ ဥပဒေပြင်ပမှ ခပ်ကြမ်းကြမ်း တွန်းတိုးခြင်း၊ ကန်ကျောက်ခြင်း၊ ဖျက်ထုတ်ခြင်းမျိုး ပြုလုပ်လျှင် တိုက်ရိုက် တည်ကန်ဘောအဖြစ် သတ်မှတ်ပေးလေ့ရှိပြီး၊ လူကျွံဘောနှင့် မတော်တဆ အနည်းငယ် ထိခိုက်မိ ရုံကြောင့်ဆိုလျှင် နှစ်ဆင့်တည်ကန်ဘောအဖြစ် သတ်မှတ်ပေးလေ့ရှိသည်။

လက်ပစ်ဘော
ဘောလုံးဘေးစည်းသို့ မထွက်ခင် ဘောလုံးအား နောက်ဆုံးထိသော ကစားသမား၏ အသင်းက တစ်ဘက် အသင်းအား လက်မြောက်ဘော ပေးရမည်ဖြစ်သည်။ လက်ပစ်ဘော မြောက်သူသည် ခြေနှစ်ဘက်လုံး မြေပြင်ဖြင့် ထိနေရမည် ဖြစ်ပြီး၊ ခြေထောက်များသည်လည်း ဘေးစည်း အတွင်းဘက်သို့ ကျော်လာခွင့်မရှိပေ။ ဘောလုံးမြှောက်မည့် လက်နှစ်ဖက် စလုံးသည် ဦးခေါင်းနောက်ကို ကျော်လွန်ပြီးမှ မြှောက်ရမည် ဖြစ်သည်။
ပင်နယ်တီ
ဂိုးဧရိယာအတွင်းတွင် တိုက်စစ်ဆင်လာသော အသင်း၏ ကစားသမားများအား ခံစစ်ကစားသမားများက ဥပဒေ ပြင်ပမှ ကစားလျှင် ပင်နယ်တီအဖြစ် သတ်မှတ်ပေးခြင်း ခံရမည်။ ပင်နယ်တီအား အတွင်းဂိုးစည်း ပင်နယ်တီကန်ရန် သတ်မှတ် ထားသော စက်ဝိုင်းအမှတ်အသားတွင် ဘောလုံးတည်ပြီး တိုက်ရိုက်ကန်သွင်း ရမည် ဖြစ်သည်။
ထောင့်ကန်ဘော
ဘောလုံးသည် ခံစစ်ကစားနေသော အသင်းမှ ကစားသမား တစ်ဦးဦး (ဂိုးသမား အပါအ၀င်)ဖြင့် ထိကာ ဂိုးစည်း ကျော်သွားပါက ထောင့်ကန် ဘောအဖြစ် သတ်မှတ်ပေးခြင်း ခံရမည်။
ဘောလုံးသည် ခံစစ်ကစားနေသော အသင်းမှ ကစားသမား တစ်ဦးဦး (ဂိုးသမား အပါအ၀င်)ဖြင့် ထိကာ ဂိုးစည်း ကျော်သွားပါက ထောင့်ကန် ဘောအဖြစ် သတ်မှတ်ပေးခြင်း ခံရမည်။
တည်ကန်ဘော ထုံးတမ်း
ပွဲကစားနေစဉ် ကစားသမား တစ်ဦးဦး ကွင်းထဲတွင် ဒဏ်ရာရရှိ လဲနေပါက ဘောလုံးလက်ဝယ် ပိုင်ဆိုင်ထားသော ကစားသမားက ဘေးသို့ (Out) ထုတ်ပေးရမည် ဖြစ်သည်။ ပြန်လည်စတင်မည် ဆိုပါက ဘောလုံးအား ကွင်းဘေးသို့ (Out) ထုတ်ပေးလိုက်ရသော အသင်း၏ တစ်ဘက်အသင်းက တည်ကန်ဘော တစ်ခုအနေဖြင့် (Out) ထုတ်ပေးလိုက်ရသော အသင်းဆီသို့ ပြန်ကန်ပေးရမည် ဖြစ်သည်။ ၁၉၉၉ ခုနှစ်က အာဆင်နယ်နှင့် ရှက်ဖီးယူနိုက်တက် အသင်းတို့ အင်္ဂလန် အက်ဖ်အေဖလားပွဲ ကန်နေစဉ် ရှက်ဖီးယူနိုက်တက် အသင်း၏ ဂိုးသမားသည် ၎င်း၏အသင်းဖော် ဒဏ်ရာ ရရှိသွားသောကြောင့် ကုသမှု ခံယူစေနိုင်ရေးအတွက် ဘောလုံးအား ဘေးသို့ (Out) ထုတ်လိုက်သည်။ ထို့ကြောင့် အာဆင်နယ် အသင်းက တည်ကန်ဘော သဘောမျိုးဖြင့်ကန်ကာ ရှက်ဖီးယူနိုက်တက် အသင်းသို့ ပြန်ပေးရမည် ဖြစ်သည်။ သို့သော်လည်း အာဆင်နယ် ကွင်းလယ်ကစားသမား ဖြစ်သူ ရေးပါ့လွှာက ရှက်ဖီးယူနိုက်တက် အသင်း၏ ဂိုးပေါက်သို့ ကန်သွင်းပြီး ထိုပွဲစဉ်၏ ဦးဆောင်ဂိုးကို ရယူသွားခဲ့ပြီး၊ ထိုဂိုးဖြင့် အာဆင်နယ်က အနိုင်ရရှိသွားခဲ့သည်။ သို့သော်လည်း အက်ဖ်အေက ထိုပွဲစဉ်အား ပြန်ကစားစေခဲ့သည်။
ဒိုင်ဘော
ပြစ်ဒဏ်ဘော စည်းမျဉ်းတွင် မပါဝင်သော အခြေအနေမျိုးဖြင့် ကွင်းထဲတွင် ကစားသမား တစ်ဦးဦး ဒဏ်ရာရရှိ သွားပါက (၀ါ) လဲကျမှုမျိုး ဖြစ်ခဲ့ပါက ဘောလုံးအား ကွင်းဘေးသို့ (Out) ထုတ်ပေးရမည်။ သို့သော်လည်း ပြန်လည် စတင်ချိန် တွင်မူ ကွင်းလယ်ဒိုင်က တစ်ဘက်ကစားသမား တစ်ဦးစီခေါ်ကာ ယှဉ်ရပ်ခိုင်းရမည် ဖြစ်သည်။ အဆိုပါ ကစားသမား နှစ်ဦးကြားတွင် ကွင်းလယ်ဒိုင်ဖြစ်သူက ဘောလုံးအား ချပေးရမည် ဖြစ်သည်။ ထိုဘောလုံးအား အဆိုပါ ကစားသမား နှစ်ဦးက ဥပေဒသ စည်းမျဉ်း အတွင်းမှ ယှဉ်လုရမည် ဖြစ်သည်။
“ဒိုင်ဘောဆိုသည်မှာ ရပ်တန့်ထားသောပွဲ ပြန်လည်စတင်တော့မည် ဆိုပါက တည်ကန်ဘောအနေဖြင့် အသင်းနှစ်သင်း စလုံး မည်သူမျှ ဘောလုံး ပိုင်ဆိုင်ခွင့် မရသော အခြေအနေမျိုးဖြစ်သည်။ ”
အပိုင်း(၁)အား ဖတ်ရှုလိုပါက အောက်ပါ လင့်အတိုင်း သွားရောက် ဖတ်ရှုနိုင်ပါသည်။
http://www.football-cafe.com/articledetail.php?articleid=23#.UfpyjT_4WSo
လေးစားစွာဖြင့်
အောင်ဇော်လတ်(မိုးနဲ)
www.football-cafe.com
Written by အောင်ဇော်လတ်(မိုးနဲ)
No comments:
Post a Comment