သာမန်အားဖြင့်တော့ ဘောလုံးပွဲကြည့်ဖူးသူတိုင်း ဒီဥပဒေသတွေကို
သိရှိ နားလည် သဘောပေါက်ပြီးသားပါ။
ဘာဖြစ်ရင် ဘာဥပဒေသနဲ့ ငြိစွန်း တယ်ဆိုတာလဲ အားလုံး သိပြီးသားပါ။ ဒါပေမယ့်
"လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်" ပါ။ စာဖတ်သူတွေတော့
မသိဘူး၊စာရေးသူတော့ ဒီစာအုပ် ဖတ်ပြီးချိန်မှာ၊ သြော် ငါသိထားတာ အပေါ်ယံပါလား
ဆိုပြီး သက်ပြင်းချမိခဲ့ပါတယ်။ တကယ်တော့ ဘောလုံး အားကစားရဲ့ ဥပဒေသဟာလည်း
တကယ့်ကို အနုစိတ်ပြီး၊ လှုပ်ရှားမှု တစ်ခုစီတိုင်းက ဥပဒေသ တစ်ခုစီကို
ဖော်ညွှန်းနေတာ
သွားတွေ့ရပါတယ်။ အပေါ်ယံ သိရှိထားသူတွေ အတွက်ကတော့ သတိမထားမိပေမယ့်၊
တကယ့်ကို အနုစိတ်သိရှိ နားလည်ထားတဲ့ သူတွေ အတွက်တော့ ကြည့်ရှု အားပေးနေတဲ့
ပွဲစဉ်အတွင်းက လှုပ်ရှားမှု တစ်ခုစီတိုင်းက အဓိပ္ပါယ် ကိုယ်စီနဲ့ဆိုတာ သိရှိ
နားလည်လာလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ ဘောလုံးပွဲ ကြည့်ရတာ ပိုပြီး
အနှစ်သာရ ရှိလာသလို ခံစားလာမိလိမ့်မယ်။ အနည်းဆုံးတော့ ကွင်းလယ်ဒိုင်က
ဘယ်လို ပြစ်ဒဏ်ဘော ပေးမလဲ ဆိုတာ တရားဝင် မချမှတ်ခင် ဒိုင်ရဲ့ အမူအယာကို
ကြည့်ပြီး " ဟာ ဒိုင်က (ဘယ်လိုပြစ်ဒဏ်) ပေးတော့မယ်ကွ" လို့
အော်လို့ရတာပေါ့။ ဥပမာ ဆိုပါစို့။ ပြစ်ဒဏ်ဘောကို ဒိုင်က အချက်ပြပြီ။ သာမန်
သိတဲ့သူ အတွက်တော့ ဒါဟာ ပြစ်ဒဏ်ဘောပေးမလို့ အချက်ပြတဲ့ အနေနဲ့
လက်ထောင်ပြီပဲ ဆိုပြီး သဘောပေါက်လိမ့်မယ်။
ဒါပေမယ့်လည်း တကယ့်ကို အသေးစိတ်သိတဲ့ သူအတွက်ကျတော့ ထောင်လိုက်တဲ့ ဒိုင်ရဲ့ လက်အနိမ့်အမြင့်ကို အရင်ဆုံးကြည့်မိမှာပဲ။ လက်ဘယ်လောက်ထောင်ရင် ဘယ်လို ပြစ်ဒဏ်မျိုး၊ ဘယ်လိုထောင်ရင် ဘယ်လိုပြစ်ဒဏ်မျိုးဆိုတာ ခွဲခြား သိပါတယ်။ နောက်တစ်ခုက စည်းကြပ်ဒိုင်။ လူကျွံဘောဖမ်းမိလို့ အလံထောင်မယ်။ ဟုတ်ပြီ။ အလံကို သူဘယ်လိုထောင်သလဲ? ပုံမှန်တော့ အလံထောင်တာကိုပဲ မြင်လိမ့်မယ်။ အလံထောင်တဲ့ အနိမ့်အမြင့်ပေါ် မူတည်ပြီးတော့ နောက်ကွယ်မှာ ဘယ်လို အဓိပ္ပါယ် ဥပဒေသ သတ်မှတ်ချက်တွေ ရှိတယ်ဆိုတာ သာမန်အားဖြင့် သိပ်ပြီး သတိထားမိကြမှာ မဟုတ်ပါဘူး။ ပြီးတော့ ပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် အာဏာ ဘယ်လောက်အထိ ရှိတယ်ဆိုတာကိုလည်း အသေးစိတ် သိလာတယ်။ မည်သူ့ကိုမျှ တိုက်ခိုက်လို စိတ်မဟုတ်ပဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ချို့ ပြည်တွင်း၊ ပြည်ပ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ ကစားသမား တစ်ချို့၊ ဒိုင်တစ်ချို့တောင် ဒီလို အချက်တွေကို သိရှိနားလည် မှာမဟုတ်ဘူးလို့ ယူဆမိပါတယ်။ ယူကေ အခြေစိုက် DK Publishing ကထုတ်ဝေလိုက်တဲ့ ဒီFootball Skills ဆိုတဲ့ စာအုပ်ကို ဘောလုံးနဲ့ အသက် မွေးဝမ်းကျောင်း ပြုမယ့်သူတိုင်း ဖတ်ရှုသင့်တယ်လို့ ယူဆမိပါတယ်။ စာရေးသူလည်း ဒီစာအုပ်ကို မဖတ်ခင်က ဘောလုံးဥပဒေသရဲ့ အတိမ်အနက်ကို မသိတာ အမှန်ပါပဲ။ သိခွင့်ပေးတဲ့ DK Publishing က အယ်ဒီတာတွေ အားလုံးကို ကျေးဇူး အထူးတင်ရှိကြောင်း ဤနေရာကနေ ပြောချင်ပါတယ်။
ဒီစာအုပ်ကို စာရေးသူ အနေနဲ့ အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ရေးသား ပြုစုထားပါတယ်။ လိုအပ်ချက်များ ရှိပါက (သို့မဟုတ်) လွဲချော်မှုများ ရှိပါက မူရင်း ကလောင်ရှင်များကို ဤနေရာကနေပဲ တောင်းပန်လိုက်ပါတယ်။ အခု ကဖေး စာဖတ်သူတွေကို အခန်းဆက်နဲ့ စတင် ဖော်ပြပေးသွားပ့ါမယ်။ ပထမဦးဆုံး အနေနဲ့ အခြေခံ ဥပေဒသတွေကို ဖော်ပြပေးသွားပါမယ်။
အခြေခံများ
စည်းမျဉ်း၊စည်းကမ်းများ
၁၈၆၃ခုနှစ်တွင် FA က ဘောလုံးပြိုင်ပွဲအတွက် စည်းမျဉ်းဥပဒေသများအား စတင်ရေးဆွဲ သတ်မှတ်ခဲ့ကြသည်။ ပြိုင်ပွဲအတွက် ရိုးရှင်းလွယ်ကူသော (ယနေ့အထိ ကျင့်သုံးလျက်ရှိနေသော) ဥပဒေသ (၁၇)ချက်ကို သတ်မှတ်ရေးဆွဲ ခဲ့ကြသည်။ ထိုဥပဒေသများထဲမှ လူကျွံဘော စည်းမျဉ်းအား သတ်မှတ်ရန်အတွက် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရပြီး၊ စီမံသူများအတွက် ခေါင်းအရှုပ်ရဆုံး စည်းမျည်း တစ်ခုဖြစ်ခဲ့သည်။ ထိုလူကျွံဘောစည်းမျည်းကြောင့် ဥပဒေသစာအုပ်အား သမိုင်းတစ်လျှောက် သုံးကြိမ်တိုင်တိုင် ပြုပြင်ပြောင်းလဲမှုများ ပြလုပ်ခဲ့ရသည်။
စည်းမျဉ်း၊စည်းကမ်းများ
၁၈၆၃ခုနှစ်တွင် FA က ဘောလုံးပြိုင်ပွဲအတွက် စည်းမျဉ်းဥပဒေသများအား စတင်ရေးဆွဲ သတ်မှတ်ခဲ့ကြသည်။ ပြိုင်ပွဲအတွက် ရိုးရှင်းလွယ်ကူသော (ယနေ့အထိ ကျင့်သုံးလျက်ရှိနေသော) ဥပဒေသ (၁၇)ချက်ကို သတ်မှတ်ရေးဆွဲ ခဲ့ကြသည်။ ထိုဥပဒေသများထဲမှ လူကျွံဘော စည်းမျဉ်းအား သတ်မှတ်ရန်အတွက် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရပြီး၊ စီမံသူများအတွက် ခေါင်းအရှုပ်ရဆုံး စည်းမျည်း တစ်ခုဖြစ်ခဲ့သည်။ ထိုလူကျွံဘောစည်းမျည်းကြောင့် ဥပဒေသစာအုပ်အား သမိုင်းတစ်လျှောက် သုံးကြိမ်တိုင်တိုင် ပြုပြင်ပြောင်းလဲမှုများ ပြလုပ်ခဲ့ရသည်။
စည်းမျဉ်းများအား အတည်ပြု
ပြိုင်ပွဲအတွက် စည်းမျဉ်းများသတ်မှတ်ရာတွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့သော်လည်း ကွင်းလယ် ဒိုင်ဖြစ်သူများနှင့် ပတ်သက်သည့် စည်းမျဉ်းများကို နောက်ဆုံး၌ သဘောတူ အတည်ပြုခဲ့ကြသည်။ ၁၉၉၂ ခုနှစ်မှ စတင်ကာ FIFA က အပြည်ပြည်ဆိုင်ရာ ပွဲစဉ်များ၌ တာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးများသည် အင်္ဂလိပ် ဘာသာစကားကိုသာ သုံးစွဲရမည် ဆိုသည့် ပြဋ္ဌာန်းချက်အား သတ်မှတ်ခဲ့သည်။ ပွဲတစ်ပွဲတွင် ကွင်းလယ်ဒိုင်နှင့် ကွင်းလယ်ဒိုင်အား ကူညီပေးသွားမည့် စည်းကြပ် ဒိုင်(၂)ဦး၊ စတုတ္ထဒိုင် တစ်ဦး ပါဝင်ရမည်ဟု တရားဝင် သတ်မှတ်ခဲ့သည်။ စတုတ္ထဒိုင် ပါဝင်သည့် စနစ်အား အပြည်ပြည်ဆိုင်ရာ ပွဲစဉ်များတွင် ပိုမိုအသုံးပြုလာကြပြီး၊ အမှတ်ပေး လိဂ်ပြိုင်ပွဲများတွင် စတုတ္ထဒိုင်အား ကွင်းလယ်ဒိုင် နေရာတွင် အရန်သင့် အသုံးပြုရန် ထားရှိကြသည်။
ရီဘာတို ထရော့ဒ်တာ
အာဂျင်တီးနား နောက်ခံလူဟောင်း ရီဘာကိုသည် ဘောလုံးလောကတွင် အနီကဒ် အများဆုံး ပြခံခဲ့ရသော နောက်ခံလူ တစ်ဦးဖြစ်သည်။ ကစားဘ၀သက်တမ်းတစ်လျှောက် (၁၇)ကြိမ်တိတိ အထုတ်ခံခဲ့ရဖူးသည်။
အာဂျင်တီးနား နောက်ခံလူဟောင်း ရီဘာကိုသည် ဘောလုံးလောကတွင် အနီကဒ် အများဆုံး ပြခံခဲ့ရသော နောက်ခံလူ တစ်ဦးဖြစ်သည်။ ကစားဘ၀သက်တမ်းတစ်လျှောက် (၁၇)ကြိမ်တိတိ အထုတ်ခံခဲ့ရဖူးသည်။
“လူကျွံဘော စည်းမျဉ်းကြောင့် ဥပဒေသ စာအုပ်အား သမိုင်းတစ်လျှောက် သုံးကြိမ်တိုင်တိုင် ပြုပြင်ခဲ့ရ။”
ပြိုင်ပွဲ ဥပေဒသများ
၁။ ဘောလုံးကွင်း အနေအထား
ဘောလုံးကွင်းသည် ဘေးစည်းလိုင်း၊ ဂိုးစည်း၊ ဂိုးဧရိယာ၊ ဘီးကုတ်စက်ဝိုင်း၊ ကွင်းတစ်ဝက်စည်း၊ ကွင်းလယ် စက်ဝိုင်း၊ ပင်နယ်တီ ဧရိယာ၊ ပင်နယ်တီ ကန်သွင်းမည့် စက်ဝိုင်းအမှတ်အသား၊ ထောင့်ကန်ဘော ကန်မည့် မျဉ်းကွေး အမှတ်အသား၊ ကွင်းထောင့် အလံတိုင် တို့ပါဝင်ရမည် ဖြစ်ပြီး ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ရှိရမည်။ ကွင်းအလျားမှာ (၉၀-၁၂၀) မီတာ၊ (၁၀၀- ၁၃၁) ကိုက်ကြားနှင့် အနံ (၄၅-၉၀)မီတာ (၄၉-၉၈)ကိုက် ကြားရှိမည် ဖြစ်သည်။ နိုင်ငံတကာ အပြည်အပြည် ဆိုင်ရာတွင် ကွင်းအလျား (၁၀၀-၁၁၀)မီတာ၊ (၁၀၉-၁၂၀)ကိုက်နှင့် အနံ (၆၄-၇၅)မီတာ၊ (၇၀-၈၂)ကိုက် တို့ရှိရမည်ဟု အသီးသီး သတ်မှတ်ထားသည်။
၁။ ဘောလုံးကွင်း အနေအထား
ဘောလုံးကွင်းသည် ဘေးစည်းလိုင်း၊ ဂိုးစည်း၊ ဂိုးဧရိယာ၊ ဘီးကုတ်စက်ဝိုင်း၊ ကွင်းတစ်ဝက်စည်း၊ ကွင်းလယ် စက်ဝိုင်း၊ ပင်နယ်တီ ဧရိယာ၊ ပင်နယ်တီ ကန်သွင်းမည့် စက်ဝိုင်းအမှတ်အသား၊ ထောင့်ကန်ဘော ကန်မည့် မျဉ်းကွေး အမှတ်အသား၊ ကွင်းထောင့် အလံတိုင် တို့ပါဝင်ရမည် ဖြစ်ပြီး ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ရှိရမည်။ ကွင်းအလျားမှာ (၉၀-၁၂၀) မီတာ၊ (၁၀၀- ၁၃၁) ကိုက်ကြားနှင့် အနံ (၄၅-၉၀)မီတာ (၄၉-၉၈)ကိုက် ကြားရှိမည် ဖြစ်သည်။ နိုင်ငံတကာ အပြည်အပြည် ဆိုင်ရာတွင် ကွင်းအလျား (၁၀၀-၁၁၀)မီတာ၊ (၁၀၉-၁၂၀)ကိုက်နှင့် အနံ (၆၄-၇၅)မီတာ၊ (၇၀-၈၂)ကိုက် တို့ရှိရမည်ဟု အသီးသီး သတ်မှတ်ထားသည်။
၂။ ဘောလုံး အနေအထား
သတ်မှတ်ထားသော အရာဝတ္ထုဖြင့် ပြုလုပ်ထားသော ဘောလုံးဖြစ်ရမည်။ ဘောလုံး၏ အချင်းမှာ (၆၈.၅-၇၁) စင်တီမီတာ၊ (၂၇-၂၈)လက္မနှင့် အလေးချိန်မှာ (၄၁၀-၄၅၀)ဂရမ် (၁၄.၅-၁၆) အောင်စ ရှိရမည်။ အတွင်းပိုင်း လေပေါင်ချိန်မှာ (၀.၆)နှင့် (၁.၁) ကြားရှိရမည် ဖြစ်သည်။ သို့သော် လေပေါင်ချိန် ပမာဏအား ကွင်းလယ်ဒိုင် ဖြစ်သူမှ အပြောင်းအလဲ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ကစားနေစဉ် ဘောလုံးပေါက်သွားပါက၊ ပွဲအားချက်ချင်း ရပ်တန့်ကာ ဘောလုံးအသစ်ဖြင့် ကစားသွားရမည် ဖြစ်သည်။
၃။ ကစားသမား အရေအတွက်
ပွဲတစ်ပွဲတွင် အသင်းနှစ်သင်းပါဝင် ကစားရမည် ဖြစ်ပြီး၊ တစ်သင်းလျှင် ဂိုးသမား အပါအ၀င် (၁၁)ယောက် ရှိရမည်။ ဂိုးသမား နေရာအား မည်သည့် ကစားသမားနှင့်မဆို (ရှေ့၊လယ်၊နောက်) လှဲလှယ်နိုင်သည်။ ကစားသမား (၄)ဦး ထုတ်ပယ် ခံရသည်အထိ ပွဲကိုဆက်လက် ကစားနိုင်သည်။ တရားဝင် ပြိုင်ပွဲများတွင် အသင်းတစ်သင်းစီ၌ အများဆုံး ကစားသမား (၃)ဦး အထိ လှဲလှယ်ခွင့်သည်။
၎။ ကစားသမားများ၏ ၀တ်စားဆင်ယင်မှု
ကစားသမား တစ်ဦးချင်းစီအတွက် မဖြစ်မနေ ၀တ်ဆင်ရမည့် အရာများမှာ ဂျာစီအင်္ကျီ၊ အားကစား ဘောင်းဘီတို၊ ညို့သကျည်းကာ(shin pads) နှင့် ဘောလုံးကန် ဖိနပ်တို့ဖြစ်သည်။ ဂိုးသမားဖြစ်သူက ပြိုင်ဘက် ကစားသမားများနှင့် သာမက မိမိ အသင်းသားများနှင့်လည်း ကွဲပြားသော ၀တ်စုံအရောင်ကို ၀တ်ဆင်ရမည်။ အခြားသော ကစားသမား များအား ထိခိုက်စေ နိုင်သော ခေါင်းစွပ်မျိုး မဟုတ်ပါက ၀တ်ဆင်ခွင့် ပြုထားသည်။ မည်သို့သော လက်ဝတ်လက်စားကိုမျှ ၀တ်ဆင်ခွင့် မပြုပေ။
၅။ ကွင်းလယ်ဒိုင်
ကွင်းလယ်ဒိုင် ဖြစ်သူမှာ ပွဲတွင်း ဆုံးဖြတ်ချက် စီရင်သူ ဖြစ်ပြီး၊ သတ်မှတ်ထားသော စည်းမျဉ်းများကို ဘာသာပြန် ပေးသူလည်း ဖြစ်ပါသည်။ ပွဲဆက်ကစားသင့် မကစားသင့်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်သူ ဖြစ်သလို၊ ဒဏ်ရာရ ကစားသမား များအား ဆေးကုသမှု ခံယူစေရန် အတွက် ပွဲအားရပ်တန့် ပေးနိုင်သူ လည်းဖြစ်သည်။ ဥပဒေပြင်ပမှ ကစားသော ကစားသမား များအား အ၀ါကဒ်ပြ သတိပေးခြင်း၊ အနီကဒ်ပြ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ အချိန်မှတ်သားခြင်း၊ ပွဲတွင်း ဖြစ်စဉ် မှတ်တမ်းယူခြင်း၊ ၀တ်စားဆင်ယင်ပုံ မှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း စသည်တို့ကို တာဝန်ယူ ပြုလုပ်ပေးရသည်။
၆။ လက်ထောက် အကူဒိုင်
လက်ထောက်အကူဒိုင် (ကွင်းတွင်းအဆိုအရ စည်းကြပ်ဒိုင်)တို့သည် ထောင့်ကန်ဘော၊ လက်ပစ်ဘော၊ လူကျွံဘောတို့အား စောင့်ကြည့် အချက်ပြကာ ကွင်းလယ်ဒိုင် ဖြစ်သူကို အကူအညီ ပေးရသည်။ ထို့အပြင် ပြစ်ဒဏ်ဘောများ၊ ကွင်းလယ်ဒိုင် မမြင်နိုင်သော ပြစ်မှုကျူးလွန်မှုများအား ကွင်းလယ်ဒိုင်အား အချက်ပြကာ ကူညီပေးရသည်။ သို့သော်လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်သည်သာ နောက်ဆုံး ဆုံးဖြတ်ချက် အတည်ဖြစ်သည်။
၇။ ပွဲကစားချိန်
ပွဲတစ်ပွဲလျှင် (၄၅)မိနစ် နှစ်ပိုင်း ကစားရသည်။ နာကျင်အချိန်ပိုအတွက် ပွဲတွင်း လူစားလဲမှု၊ ဒဏ်ရာရမှု၊ အချိန်ဖြုန်တီး မှုတို့အား ကွင်းလယ်ဒိုင်က ပြန်လည်တွက်ချက်ပြီး သတ်မှတ်ပေးသည်။ သတ်မှတ်ချိန် အဆုံးသတ် နောက်ဆုံး စက္ကန့်တွင် ပင်နယ်တီပေးသည့် အခြေအနေမျိုး ဖြစ်ခဲ့ပါက အချိန်ကျော်လွန်သွားသော်ငြားလည်း၊ ကန်သွင်းခွင့်ပြုရမည် ဖြစ်သည်။ အချိန်ပို သတ်မှတ်ပေးခြင်း စည်းမျဉ်းမှာ အမျိုးသား ဘောလုံးအဖွဲ့အစည်းနှင့် အသင်းအဖွဲ့တို့က သတ်မှတ်ထားခြင်း ဖြစ်သည်။
၈။ ပွဲစတင်/ပြန်လည် စတင်ခြင်း။
ပွဲစတင်ရန်အတွက် ကွင်းလယ်ဒိုင်ဖြစ်သူက နှစ်ဘက်အသင်းခေါင်းဆောင် နှစ်ဦးဖြင့် အကြွေစေ့လှန်ရသည်။ အနိုင်ရသူက ပထမပိုင်းအတွက် ကွင်း(၀ါ)ဘောလုံးအား စိတ်ကြိုက် ရွေးချယ်ခွင့် ရှိသည်။ အကြွေစေ့လှန်ရာတွင် အနိုင်ရသူက ဘောလုံးအား ရွေးချယ်ခဲ့ပါက၊ ရှုံးနိမ့်ခဲ့သူသည် ဒုတိယပိုင်းတွင် ဘောလုံးစတင် ထိတို့ခွင့် ရမည်ဖြစ်သည်။ ပွဲစတင်ရန် ကွင်းလယ်မှဘောလုံး စတင်ထိတို့ချိန်၌ ဘောလုံးတို့ထိမည့် ကစားသမား နှစ်ဦးမှလွှဲ၍ ကျန်နှစ်ဘက် အသင်းသားများသည် ကွင်းလယ်စည်းကို မကျော်ပဲ မိမိတို့ ကွင်းဘက်ခြမ်း တွင်သာရှိနေရမည်။ တစ်ဘက်အသင်း ဘောလုံးထိတို့ရန် ပြင်ဆင်ချိန်တွင် တစ်ဘက်အသင်းမှာ အနည်းဆုံး ဘောလုံးနှင့် (၉.၁၅)မီတာ၊ (၁၀)ကိုက်အကွာတွင် ရှိနေရမည်။ ပွဲချိန်စတင်ရန် ကွင်းလယ်ဒိုင်မှ ခရာမှုတ်လိုက်လျှင် ဘောလုံး တို့ထိမည့် အသင်းဘက်မှ ပထမကစားသမား ဘောလုံးထိတို့ပြီး၊ ဒုတိယမြောက် ကစားသမားက ထပ်မံ ထိတို့ပြီးမှသာ တစ်ဘက် အသင်းက စတင် ၀င်ရောက် လုယူခွင့်ရှိမည် ဖြစ်သည်။
၉။ သတ်မှတ် ကွင်းစည်းကျော်ခြင်း။
ဘောလုံး ကွင်းပတ်လည် သတ်မှတ်ထားသော စည်းများအား မကျော်မချင်း ကစားနိုင်မည် ဖြစ်သည်။ ဘောလုံး မြေကြီးမှာဖြစ်စေ၊ လေပေါ်တွင်ဖြစ်စေ ဘေးစည်းနှင့် ဂိုးစည်းများအား ကျော်လွန်သွားပါက (Out) ဘောအဖြစ် သတ်မှတ်သည်။ အကယ်၍ ဂိုးသမား ပုတ်ထုတ်၍ဖြစ်စေ၊ ဂိုးတိုင်နှင့် ဂိုးဘားတန်းများထိ၍ဖြစ်စေ၊ ထောင့်ကန်ဘော နေရာမှ အလံတိုင်အား ထိ၍ဖြစ်စေ၊ ကွင်းလယ်ဒိုင် (၀ါ) စည်းကြပ်တို့အား ထိ၍ဖြစ်စေ ဘောလုံးကွင်းပြင်သို့ ထွက်သွားခြင်း မရှိပဲ၊ ကွင်းတွင်း၌သာ ရှိနေလျှင် ဆက်လက်ကစားနိုင်သည်။
၁၀။ ဂိုးအဖြစ် သတ်မှတ်ခြင်း။
အကယ်၍ တစ်စုံတစ်ရာ ပြစ်ဒဏ်ကျူးလွန်ခြင်းမရှိပဲ၊ ဘောလုံးတစ်လုံးလုံး ဂိုးတိုင်ကြားနှင့် ဂိုးဘား တန်းအောက်ရှိ ဂိုးစည်းအား ကျော်လွန်အောင် စွမ်းဆောင်နိုင်ပါက ဂိုးအဖြစ် သတ်မှတ်ပေးပါသည်။ ပွဲချိန်ပြည့်လျှင် ဂိုးပိုများအောင် သွင်းနိုင်သော အသင်းက အနိုင်ရမည် ဖြစ်သည်။ နှစ်ဘက်အသင်းမှာ တစ်ဘက်နှင့် တစ်ဘက် ဂိုးမသွင်းနိုင်ခြင်း (၀ါ) သွင်းယူထားသော ဂိုးအရေအတွက် တူညီနေလျှင် သရေပွဲအဖြစ် သတ်မှတ်သည်။
၁၁။ လူကျွံဘော။
ပြိုင်ဘက်အသင်း၏ ကွင်းဘက်ခြမ်းသို့ ဘောလုံးမထွက်ခင် မိမိတို့အနေဖြင့် တစ်ဘက်နောက်တန်းများကို ကျော်လွန်နေခြင်း၊ တစ်ဘက်ဂိုးစည်းနားသို့ ပြိုင်ဘက်အသင်း၏ နောက်တန်း ကစားသမား တစ်ဦးမျှ မရှိပဲ ဘောလုံးထက် ကြိုတင် ရောက်ရှိနေလျှင် လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။ ထိုသို့ လူကျွံဘော သတ်မှတ်ခြင်း ခံရပါက ပြိုင်ဘက်အသင်းမှ တည်ကန်ဘော ကန်ခွင့်ရမည် ဖြစ်သည်။
၁၂။ ပြစ်ဒဏ်ဘောနှင့် စည်းကမ်းဖောက်ဖျက်ခြင်း။
ပွဲကစားနေချိန် ကစားသမားတစ်ဦးအနေဖြင့် တစ်ဘက် ကစားသမားအား ခြေထိုးခံခြင်း၊ ဘောလုံးမထိပဲ ကန်ကျောက်ခြင်း၊ တွန်းတိုးခြင်း၊ တစ်ဘက် ကစားသမားအား ရည်ရွယ်ချက်ရှိရှိ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုများ ပြုလုပ်ခြင်း၊ ကန်ကျောက်ရန် ကြိုးစားအားထုတ်ခြင်း၊ တံတွေးဖြင့်ထွေးခြင်း၊ ဘောလုံးမရောက်ခင် တစ်ဘက် ကစားသမားအား အတင်းအကြပ် ဖက်တွယ်လူကပ်ခြင်း၊ ဘောလုံးအား လက်ဖြင့် တမင်တကာ တားဆီးခြင်း (ဂိုးသမားအနေဖြင့် ဂိုးဧရိယာ ပြင်ပ)၊ ဘောလုံးရှေ့ထုတ်ကာ ပြေးလိုက်သွားသော တစ်ဘက်ကစားသမား၏ ပြေးလမ်းကို ပိတ်ဆို့ခြင်း စသည်တို့ကို ကျူးလွန်ပါက ပြစ်ဒဏ်ဘော အဖြစ်သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။
၁၃။ အလွတ်တည်ကန်ဘော။
ကွင်းလယ်ဒိုင်မှ ပြစ်ဒဏ်ဘော သတ်မှတ်ပေးပါက ပြစ်ဒဏ်ဘော ကျူးလွန်သည့် နေရာမှ ဘောလုံးအား တည်ကန်ရမည် ဖြစ်သည်။ ထိုသို့ တည်ကန်ရာတွင် ကွင်းလယ်ဒိုင်မှ နေရာသတ်မှတ် ပေးမည် ဖြစ်သလို၊ ကွင်းလယ်ဒိုင် အချက်ပြ ခရာမှုတ်မှ ကန်သွင်းခွင့် ရှိမည်ဖြစ်သည်။ တိုက်ရိုက်ကန်သွင်းနိုင်သည့် ပြစ်ဒဏ်ဘောဖြစ်လျှင် ကန်သွင်း သူအနေဖြင့် ဂိုးပေါက်သို့ တိုက်ရိုက် ကန်သွင်းနိုင်မည် ဖြစ်သည်။ နှစ်ဆင့်တည်ကန်ဘော အဖြစ်သတ်မှတ်ပေးလျှင် ဘောလုံးအား အသင်းဖော်ပထမလူ တစ်ဦးထိပြီးခါမှ ဂိုးပေါက်သို့ ကန်သွင်းခွင့် ရှိမည် ဖြစ်သည်။
၁၄။ ပင်နယ်တီ။
မိမိတို့ ဂိုးစည်းဧရိယာထဲတွင် တစ်ဖက်ကစားသမား များအား ဥပဒေပြင်ပမှ ဖျက်ထုတ်မှုများ ပြုလုပ်ပါက ပင်နယ်တီ သတ်မှတ်ပေးခြင်း ခံရမည်။ ကွင်းလယ်ဒိုင်က ထိုသို့ သတ်မှတ်ပေးလိုက်ပါက ဂိုးသမားမှအပ ကျန်ရှိသော ကစားသမား အားလုံး ပင်နယ်တီ ကန်သွင်းမည့် နေရာမှ (၉.၁၅)မီတာ၊ (၁၀)ကိုက်အကွာတွင် နေပေးရမည်။ ပင်နယ်တီ ကန်သွင်းသူ ကန်သွင်းလိုက်သော ဘောလုံးအား ဂိုးသမား ကာကွယ်ပုတ်ထုတ်လိုက်လျှင် အံထွက်လာသော ဘောလုံးအား ပင်နယ်တီ ကန်သွင်းသူက ပြန်လည် ပိတ်၍ ကန်သွင်းယူနိုင်သည်။ သို့သော် ဂိုးတိုင်(၀ါ) ဂိုးဘားတန်းထိ၍ အံထွက်လာသော ဘောလုံးကို ပင်နယ်တီကန်သွင်းသူက ပြန်လည် ပိတ်၍ဂိုးပေါက်သို့ ကန်သွင်းခွင့် မရှိပေ။
၁၅။ လက်ပစ်ဘော။
ဘောလုံးအား တစ်ဘက်အသင်းမှ ကစားသမား နောက်ဆုံးထိပြီး ဘေးစည်းကျော်သွားလျှင် ကျန်တစ်ဘက် အသင်းက လက်ပစ်ဘော ရမည်ဖြစ်သည်။ အဆိုပါ လက်ပစ်ဘောအား ဘောလုံးဘေးစည်း ထွက်သွားသော နေရာမှ မြှောက်ရမည် ဖြစ်သည်။ လက်မြှောက်ဘော မြှောက်သူသည် ကွင်းဘက်သို့ မျက်နှာမူပြီး၊ ခြေထောက်နှစ်ဘက်လုံး မြေကြီးဖြင့် ထိထားရမည်။ ဘောလုံးအား လက်နှစ်ဘက်ဖြင့် ကိုင်မြောက်ရမည် ဖြစ်သလို၊ ဘောလုံးကိုင်ထားသော လက်နှစ်ဘက် စလုံးသည် ဦးခေါင်းနောက်သို့ ကျော်လွန်ပြီးမှ မြောက်ရမည် ဖြစ်ပါသည်။
၁၆။ ဂိုးလွန်ဘော။
မိမိတို့ ဂိုးဧရိယာ ဘက်သို့ တစ်ဖက်အသင်းမှ ကန်သွင်းလိုက်သော ဘောလုံးသည် ဂိုးပေါက်ဝင်သွားခြင်း မရှိသလို၊ မိမိတို့ ကစားသမား တစ်ဦးတစ်ယောက်မျှ မထိပဲ ဂိုးစည်းကျော်သွားပါက ဂိုးလွန်ဘောဖြစ်မည်။ အဆိုပါ ဂိုးလွန်ဘောအား မိမိတို့ အသင်းဘက်မှ မည်သည့် ကစားသမား မဆို ကန်တင်နိုင်သော်လည်း၊ ဘောလုံးအား သတ်မှတ်ဂိုးစည်း ကျော်လွန်ပြီး တည်ခွင့်မရှိပေ။ ဂိုးလွန်ဘောအား ကန်တင်သူက ကန်တင်လိုက်သော ဘောလုံးအား မည်သူတစ်ဦး တစ်ယောက်နှင့်မျှ မထိသေးပဲ ဒုတိယ အကြိမ်မြောက် ဆက်တိုက်ထိခွင့်ရှိမည် မဟုတ်ပေ။
၁၇။ ထောင့်ကန်ဘော။
မိမိတို့ ဂိုးဧရိယာ ဘက်သို့ တစ်ဘက်အသင်းမှ ကန်သွင်းလိုက်သော ဘောလုံးသည် ဂိုးပေါက်သို့ဝင်သွားခြင်း မရှိသော်လည်း၊ မိမိတို့ အသင်းဘက်မှ ကစားသမား တစ်ဦးအား ထိကာ ဂိုးစည်းကျော်လွန်သွားလျှင် တစ်ဘက်အသင်းသို့ ထောင့်ကန်ဘောပေးရမည် ဖြစ်သည်။ ထောင့်ကန်ဘောသည် တိုက်ရိုက်ပြစ်ဒဏ်ဘော ကန်သွင်းသကဲ့သို့ပင် သတ်မှတ်နေရာမှ ဂိုးပေါက်သို့ မည်သူတစ်ဦးတစ်ယောက်မျှ မထိပဲ ဂိုးဝင်သွားလျှင်လည်း ဂိုးအဖြစ် သတ်မှတ်ပေး မည်ဖြစ်သည်။ ထောင့်ကန်ဘော ကန်မည့်သူသည် ဘောလုံးအား ထောင့်ကန်ဘောကန်ရန် သတ်မှတ်ပေးထားသော မျဉ်းကွေးအား ထိကာ တည်ရမည် ဖြစ်သည်။
အပိုင်း(၂)ကို မကြာမီ ဆက်လက်ဖော်ပြ ပေးသွားပါမည်..............။
လေးစားစွာဖြင့်
အောင်ဇော်လတ်(မိုးနဲ)
www.football-cafe.com
Written by အောင်ဇော်လတ်(မိုးနဲ)
No comments:
Post a Comment